ဟိုတယ်အသင်းဥက္ကဋ္ဌ ဦးခင်ရွှေ မဟုတ်တော့
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ရာတွင် လေးကြိမ်ဆက်တိုက် ဥက္ကဋ္ဌလုပ်ခဲ့သူ ဦးခင်ရွှေမှာဥက္ကဋ္ဌရာထူး ပြန်လည်ရွေးချယ်ခြင်းမခံရတော့သော်လည်းနာယကအဖြစ်ရှိနေမည် ဖြစ်ကြောင်းယခုနှစ်အသင်း ရွေးကောက်ပွဲတွင် တွဲဖက်အတွင်းရေးမှူး-၃ ရာထူးရရှိခဲ့သော ဦးကျော်ဒွန်းက ပြောသည်။
ပဉ္စမမြောက် ဗဟိုအလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ရာတွင် ဥက္ကဋ္ဌအဖြစ် ဦးရန်ဝင်း (A1 ဆောက်လုပ်ရေး)၊ ဒု-ဥက္ကဋ္ဌ-၁ ဦးခင်မောင်အေး (CB Bank)၊ ဒု-ဥက္ကဋ္ဌ-၂ ဦးခင်မောင်ရင်၊ ဒု-ဥက္ကဋ္ဌ-၃ ဦးလှမောင်ရွှေ၊ ဒု-ဥက္ကဋ္ဌ-၄ ဒေါက်တာ နေဇင်လတ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးကြည်သိန်းကို အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၈၂ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်ဟု မန္တလေးဇုန် အတွင်းရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။
“မဲစနစ်နဲ့ ရွေးတာတော့ မဟုတ်ဘူး။ ရန်ကုန်ဇုန်က ဒေါက်တာ နေဇင်လတ်က အဆိုတင်တာ။ ကျွန်တော်နဲ့ ဦးနေအောင်က ထောက်ခံလိုက်တယ်။ ကန့်ကွက်မယ့်သူ မရှိတာနဲ့ ဦးရန်ဝင်း ဖြစ်လာတာ” ဟု ဦးခင်မောင်ဆွေက ပြောသည်။ ဥက္ကဋ္ဌသစ် ဖြစ်လာသော ဦးရန်ဝင်းမှာ နေပြည်တော်တွင် မင်္ဂလာသီရိဟိုတယ်၊ မြိတ်ကျွန်းစုတွင် ဟိုတယ်တစ်လုံးနှင့် ရန်ကုန်မြို့ရှိ Panorama (ရှယ်ယာဝင်) အဖြစ် လုပ်ကိုင်လျက်ရှိပြီး A1 ဆောက်လုပ်ရေးလုပ်ငန်း၏ အကြီးအကဲ ဖြစ်သည်။ ဦးခင်ရွှေမှာ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ (MTB) ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။

No comments:
Post a Comment