Friday, 27 April 2012

အင်ဒိုနီးရှားအိမ်အလုပ်သမ (Siti)အား မလေးရှားအိမ်ရှင် (Ms. Hau) မှ ရေနွေးလောင်းနှိပ်စက်မှု

မလေးရှားနိုင်ငံသူအလုပ်ရှင် Ms. Hau Yuan Tyng (အသက် ၄၅-နှစ်၊ အိမ်မြေရောင်းဝယ်နှင့်ပွဲစားလုပ်ကိုင်သူ၊ ကလေးနှစ်ဦးမိခင်) သည် သူ၏ အိမ်အကူအလုပ်သမ အင်ဒိုနီးရှားနိုင်ငံသူ Siti Hajar Sadli (အသက် ၃၅-နှစ်) ကို မတရားနှိပ်စက်မှုကြောင့် ထောင်ဒဏ် ၁၁-နှစ် ချမှတ်ခံခဲ့ရသည်။

ယခင် အေဂျင်စီတစ်ခုမှ မန်နေဂျာဖြစ်သော Ms. Hau Yuan Tyng (အသက် ၄၅-နှစ်) သည် သူ၏ အိမ်အလုပ်သမ Siti အား ရေနွေးနှင့် လောင်းမှု တစ်မှု၊ တူဖြင့် ထုမှု တစ်မှု၊ ကတ်ကြေးဖြင့် ထိုးဆွမှု တစ်မှု စုစုပေါင်း သုံးမှုကို ယင်းနေထိုင်ရာ Kuala Lumpur အနီး Lanai Kiara Condominium. Mont Kiara ၌ မနှစ်က ဖေဖော်ဝါရီ နှင့် ဇူလိုင်လကြားကျူးလွန်ခဲ့၍ တရားစွဲခံရသည်။

မျက်မြင်သက်သေအနေနှင့် အိမ်နီးနားချင်း စုစုပေါင်း ၁၅ ယောက် တရားရုံးတွင် Siti ဘက်မှရပ်တည်ထွက်ဆိုပေးခဲ့သည်။
သူမကို တရားရုံးမှ ပထမအကြိမ်အမိန့်ချစဉ်က ထောင်ဒဏ် ၈-နှစ်သာချမှတ်ခဲ့သည်။ (ခရိုင်တရားရုံးတရားသူကြီး S.M. Komathy Suppiah မှ အမိန့်ချသည်။

သူမသည် တရားရုံးဆုံးဖြတ်ချက်ကို မကျေနပ်၍ အယူခံဝင် ခဲ့ရာ၊ ရှုံး၍ မလေးရှားအထက်တရားရုံးကြီးမှ တရားသူကြီး Ghazali မှသူမအားနောက်ထပ်ထောင်ဒဏ် ၃-နှစ်ထပ်ပေါင်းကျခံစေရန် နှင့် ဒဏ်ငွေ ၅၀၀၀ (မလေးရှားရင်းဂစ်) ထပ်တိုးချမှတ်ခဲ့သည့်အတွက် စုစုပေါင်း ထောင်ဒဏ်- ၁၁ နှစ်ကျခံရမည်ဖြစ်ပါသည်။ (အမိန့်မချခင်ချုပ်ရက်ကို မပါဝင်စေဘဲ အမိန့်ချသည့်နေ့မှ စ၍ပြစ်ဒဏ်ကာလကို သတ်မှတ်ခံရသည်။ ထောင်တွင်း ထောင်သားများရရှိမည့်ပုံမှန်လျော့ရက်လည်း ရမည်မဟုတ်)  (ယခု ပြစ်ဒဏ်ခံနေရပါပြီး။)

ဘီဘီစီသတင်းထောက်ကပြောသည်မှာ အိမ်ရှင်သည် သူမအပေါ်ချမှတ်သည့် ပထမဆုံးဖြတ်ချက်ကိုမကျေနပ်ဘဲ၊ အပြီးအပိုင်လွတ်မြောက်ရန် အထက်တရားရုံးတက်၍ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သည် ဟုဆိုပါသည်။

အထက်ရုံးတရားသူကြီး Ghazali Cha ကလည်း တရားခံသည် နောင်တရခြင်း မရှိဟုထွက်ဆိုခဲ့သည်။ Ms. Hau Yuan Tyng ၏ရှေ့နေ (M. Manoharan) က သူ၏အမှုသည်မှာ အိမ်နီးချင်းနှစ်နိုင်ငံနိုင်ငံရေး ပြေလည်စေမှုအတွက် ဓားစာခံ ဖြစ်ရရှာသည် ဟုဝမ်းနည်းစွာပြောခဲ့သည်။

သူ့အမှုသည်ကို ဤသို့ပြစ်ဒဏ်များစွာ ချမှတ်ခြင်းအားဖြင့် အင်ဒိုနီးရှား ကို ကျေနပ်အောင်လုပ်ခြင်းသည် မတရားကြောင်း အမှုရှုံး ရှေ့နေက ထွက်ဆိုခဲ့သည်။ တရားရုံးမှ အယူခံကို ပယ်လိုက်ခြင်းနှင့် ပြစ်ဒဏ်တိုးလိုက် ခြင်းကြောင့် Ms. Hau သည် ထိတ်လန့်ခဲ့ရသည်။

သူမရှေ့နေက သူမသည် ကလေးနှစ်ဦးမိခင်ဖြစ်၍ ကလေးများနှင့် ခွဲမနေသင့်ကြောင်း၊ တစ်ဦးမှာ ဆွံ့အနားမကြားဖြစ်နေကြောင်း တင်ပြခဲ့သော်လည်း တရားလိုအစိုးရရှေ့နေ Anselm Fernandis and Mohd Hafiz Mohd Yusoff တို့မှ ကန့် ကွက်ချက်ကို တရားသူကြီးမှ အတည်ပြုပြီး၊ ပြစ်ဒဏ်ကို ချက်ချင်းကျခံစေရန် ဆုံးဖြတ်ခဲ့သည်။

မလေးရှားတွင် လုပ်ကိုင်နေသော အင်ဒိုနီးရှားအလုပ်သမား ၁-သန်းကျော်ရှိပြီး (၂၀၁၁) အများစုမှာ အိမ်အလုပ်သမများဖြစ်ကြသည်။
သူမသည် Siti အား ရေနွေးဖြင့် လောင်းခြင်း၊ ကတ်ကြေး ဖြင့် ထိုးဆွခြင်း၊ တူဖြင့်ထုနှက်ခြင်း၊ ရိုက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း စသည့်ရက်စက်မှု ပေါင်းစုံကျူးလွန်ခဲ့သည်။ သူမသည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး၊ အင်ဒိုနီးရှားသံရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်။

သူမ၏ ဒဏ်ရာများကို ဓာတ်ပုံရိုက်၍ သတင်းစာနှင့် တီဗွီမှ ထုတ်ဖော်ပြသခဲ့ရာ၊ နှစ်နိုင်ငံလုံးတွင် အတော်ဂယက်ရိုက်ခဲ့သည်။ အင်ဒိုနီးရှားတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤအမှုသည် အင်ဒိုနီးရှားမှ အိမ်အလုပ်သမပေးပို့ခြင်း၊ ရပ်ဆိုင်းစေရ သည့်အမှုများစွာထဲမှ အမှုတစ်ခုဖြစ်သည်။

ခရိုင်တရားသူကြီး Komathy ကသူမသည် တရားခံကို ညှာတာထောက်ထားရမည့်တစ်ချက်မှ ရှာမတွေ့ကြောင်း၊ သနားညှာတာသည့်စိတ်ထားလုံး ၀မရှိသော တရားခံအဖြစ်တွေ့မြင်ရကြောင်း၊ တရားခံသည် ဒေါသအလျှောက် သူ့အိမ်အကူအားရိုက်နှက်ရာတွင် လက်ကိုအသုံးမပြုဘဲ၊ ရေနွေးနှင့် လောင်းခြင်း၊ တူဖြင့်ထုခြင်း၊ ဥယျာဉ်သုံးကတ်ကြေးဖြင့် ထိုးစွခြင်း စသည့်လူမဆန်ရက်စက်သည် အမှုများကို ကျူးလွန်သောကြောင့် ရာဇ၀တ်သား အဖြစ်သတ်မှတ်၍ ထောင်ဒဏ်အပြစ်ပေး ရခြင်း ဖြစ်သည်ဟု ပြောပါသည်။

တရားရုံးက “အိမ်ဖော်အိမ်အကူအလုပ်သမများကို ဆိုးဝါးစွာ ပြုမူခြင်း၊ တရားရုံးကိုလည်း မထေ့မဲ့မြင်ပြုသည့်ပြင်၊ တရားခံသည် ကျူးလွန်ခဲ့သော ပြစ်မှုနှင့်ပတ်သက်၍လည်း နောင်တရသည့် အသွင်အပြင်မရှိ။”ဟု ပြောခဲ့သည်။

Siti ကသူမသည် ယခုအခါ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သူမ၏ အလုပ်ရှင် ပြစ်ဒဏ်ခံရသဖြင့် ၀မ်းသာကြောင်း၊ ၁၁ -နှစ်ဟူသည် သူမခံစား ခဲ့ရမှုများနှင့် တွက်ကြည့်လျှင်နည်းသေးကြောင်း ပြောပါသည်။ သူမသည်လည်းသူမကလေးနှစ်ဦး ရှိရာ အင်ဒိုနီးရှား အရှေ့ဂျားဗားသို့ပြန်သွားပါပြီး။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
 ဆက်လက်ဖော်ပြပါမည်။

Ms. Hau Yuan Tyng
Siti Hajar Sadli
Siti Hajar Sadli1
Siti Hajar Sadli2

No comments:

Post a Comment