Wednesday, 16 May 2012

လူငယ်ပြိုင်ပွဲ အတွက် ကစားသမား လစာ တစ်လ ကျပ်(၁၁၉)သိန်း အထိ အသုံးပြုမည့် ကမ္ဘောဇ

၂၀၁၂ ခုနှစ်တွင် စတင် ကျင်းပမည့် မြန်မာ နေရှင်နယ်လိဂ် လူငယ် အသင်းများလိဂ် (ယခင် အရန်အသင်းလိဂ် နေရာတွင် အစားထိုး ကျင်းပခြင်းဖြစ်) ပြိုင်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်မည့် ကမ္ဘောဇ လူငယ် အသင်းသည် တစ်လလျှင် ကစားသမား လစာအဖြစ် ငွေကျပ် (၁၁၉)သိန်း အထိ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။


အသင်းပိုင် ၀က်ဘ်ဆိုက်၏ သတင်း ထုတ်ပြန်ချက် အရ လူငယ် ပြိုင်ပွဲအတွက် ကစားသမား အယောက် (၂၀)အား တရားဝင် စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း သိရကာ ကစားသမား အယောက် (၂၀)၏ တစ်ဦးချင်း လစာ နှုန်းထားများအား လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းအရ ကမ္ဘောဇ လူငယ် အသင်းတွင် သူရကိုကိုနှင့် မြတ်မင်းသူတို့ နှစ်ဦးမှာ အမြင့်ဆုံး လစာဖြစ်သည့် (၁၀)သိန်းစီအား ခံစားခွင့် ရမည် ဖြစ်သည်။ ထိုပမာဏသည် ၂၀၀၉ခုနှစ် မြန်မာ နေရှင်နယ်လိဂ် စတင်ချိန်က လက်ရွေးစင် အဆင့် ကစားသမား များသာ ခံစားခွင့် ရခဲ့သည့် အမြင့်ဆုံး လစာနှုန်းထားနှင့် တန်းတူဖြစ်သည်။

ဒုတိယ လစာ အများဆုံး ရရှိမည့် ကစားသမား များအဖြစ် ကျော်သူရ၊ ရဲကိုကိုဦး၊ စိုးလှိုင်ထွန်းတို့မှာ တစ်လလျှင် လစာ(၈)သိန်း ခံစားခွင့်ရမည် ဖြစ်ကာ ကျန်ကစားသမား (၁၅)ဦးကိုမူ လစာ (၅)သိန်းစီ သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘောဇ လူငယ် အသင်းသည် မြန်မာ နေရှင်နယ်လိဂ် လူငယ်လိဂ်ပြိုင်ပွဲတွင် လစာပမာဏ အများဆုံး ရရှိသည့် အသင်း ဖြစ်လာဖွယ် ရှိကာ အနည်းဆုံး လစာနှုန်းထားမှာ (၅)သိန်း ဖြစ်နေကြောင်း တွေ့ရသည်။ ထို့အပြင် ကစားသမား များအတွက် နေထိုင်စားသောက် စရိတ်များကိုမူ အသင်းက သီးခြား ခံစားခွင့် ပြုဦးမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုအသင်းအား အုပ်ချုပ်သူ အဖြစ် ဦးကျော်ထွဋ်ဝင်း၊ နည်းပြချုပ် အဖြစ် ဦးအောင်ထွန်းထွန်းတို့က တာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်သည်။

No comments:

Post a Comment